Tuesday, February 12, 2013

မြောက်ပိုင်းတွင်ကြွေလွင့်သွားသော ကျောင်းသားများအမှတ်တရနေ့သို့ ABSDF ပထမဆုံးဥက္ကဟောင်း ကိုထွန်းအောင်ကျော်မှပေးပို့သော သ၀ဏ်လွှာ.....

မြောက်ပိုင်းပြန်များအားလုံးကို လေးစားစွာနှုတ်ခွန်းဆက်လိုက်ပါတယ်။ ခင်ဗျားတို့ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ
ကိုယ်ချင်းစာတယ်ဆိုပေမဲ့ ခင်ဗျားတို့လောက် ဘယ်သူမှမခံစားနိုင်ဘူးလို့ ပထမဦးစွာပြာပါရစေ။
အထူးသဖြင့် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်တွေရဲ့မိသားစုဝင်တွေအတွက် မြောက်ပိုင်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေကို
အရေးယူနိုင်ဖို့ စောင့်ရတာ အခုဆိုရင် နှစ်ပေါင်း ၂၁နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒီလို ၂၁နှစ်အထိ ကြာရှည်လာခဲ့တာလဲ မြန်မာနိုင်ငံမှာ
ပွင့်လင်းမြင်သာမှု မရှိလို့ဘဲဖြစ်တယ်။ ဒီ ၂၁ နှစ်ကာလမှာ အမှန်တရားပေါ်ပေါက်ရေးနဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ဂုဏ်သရေကို
ဆည်ဖို့၊ ပေးထားတဲ့ကတိကဝတ်တွေကို မမေ့မလျှော့ဘဲ ဇွဲရှိရှိစောင့်ပြီး အခြေအနေပေးလာတဲ့အခါ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ
ဝိုင်းလုပ်ဆောင်ကြတဲ့ ခင်ဗျားတို့ရဲ့ဇွဲသတ္တိကို အထူးလေးစားကြောင်း ပြောကြားလိုပါတယ်။
ABSDF ဟာမတရားမှုတွေကို တွန်းလှန်တိုက်ဖျက်ဖို့၊ ပြည်သူတွေရဲ့ဆုံးရှုံးနေခဲ့တဲ့ လူ့အခွင့်အရေးတွေကို ရယူပေးမယ်ဆိုတဲ့
မွန်မြတ်တဲ့စိတ်ဓါတ်နဲ့ဖွဲ့စည်းပေါ်ပေါက်လာတဲ့အဖွဲ့အစည်းကြီးဖြစ်တာ အများအသိပါပဲ။
ကျွန်တော်ကိုယ်တိုင် အခက်အခဲအမျိုးမျိုးကြားက ပြုစုပျိုးထောင်လာခဲ့သူမို့ ဒီလိုမွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့
ကျောင်းသားတပ်မတော်ကြီးကို ပြည်သူတွေ အယုံအကြည်ကင်းမဲ့စေလောက်အောင် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးကို
ကျူးလွန်ခဲ့ကြတဲ့သူတွေကို ဘယ်လိုမှ ခွင့်လွှတ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ABSDF ရဲ့သမိုင်းကို ပြန်လည်ဆေးကြောဖို့
အင်တိုက်အားတိုက် ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မှာချင်တာက ကျွန်တော်တို့ဟာ အဖွဲ့အစည်းကို တိုက်ခိုက်ဖို့
မဟုတ်ဘဲ၊ ဒီအဖွဲ့အစည်းရဲ့ စည်းမျဉ်းဥပဒေတွေနဲ့ လူ့အခွင့်အရေးကိုချိုးဖေါက်ပြီး ရက်ရက်စက်စက် လူသတ်မှုကို
ကျူးလွန်ခဲ့ကြတဲ့ လူသတ်ရာဇဝတ်ကောင်တွေကို ဖေါ်ထုတ်ပြီး ထိုက်သင့်တဲ့ပြစ်ဒါဏ်ကျခံစေဖို့နဲ့၊ နံမည်အဖျက်ခံကြရတဲ့စစ်မှန်တဲ့
ကျောင်းသားရဲဘော်တွေရဲ့ ဂုဏ်သရေကိုဆည်တင်ဖို့၊ နောင်လာနောက်သားမျိုးဆက်သစ်လူငယ်တွေ ဒီလိုအလုပ်မျိုးကိုမလုပ်မိဖို့
သင်ခန်းစာယူနိုင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကို မတိမ်းမစောင်းဘဲလုပ်သွားကြမယ်။
ညီညီညွတ်ညွတ်နဲ့ ဇွဲမလျှော့ဘဲ ရည်ရွယ်ချက်ရှိရှိ လက်တွဲလုပ်သွားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား။
နောက်ဆုံးအနေနဲ့ ဒီရည်ရွယ်ချက်တွေကိုလုပ်ရင်း ကျွန်တော်တို့တောခိုစဉ်ကမူလရည်မှန်းချက်ကြီးဖြစ်တဲ့ ဒီမိုကရေစီရရှိရေး
ကြိုးပမ်းဆောင်ရွက်ချက်ကို ဇွဲမလျှော့ဘဲ ဆက်လက်အကောင်အထည်ဖေါ်ကြပါလို့ နှိုးဆော်လိုက်ပါတယ်။
တက်ရောက်လာကြသောရဲဘော်ရဲမေမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်
ထွန်းအောင်ကျော်
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။

No comments: